/ဓာတ်ချောစာမပို့ခင် ကြိုတင်သတိထားသင့်တဲ့အချက်များ

ဓာတ်ချောစာမပို့ခင် ကြိုတင်သတိထားသင့်တဲ့အချက်များ

Reading Time: 1 minute

ဓာတ်ချောစာကို ယနေ့ခေတ်လူတော်တော်များများမှာအသုံးပြုနေကြပြီဖြစ်ပါတယ်။ ဟိုးယခင် ၂၀၀၄လောက်တုန်းက ကျွန်တော်ကိုယ်တိုင် ဓာတ်ချောစာကို စသုံးခဲ့ရချိန်ပေါ့။ အဲဒီတုန်းက တီ ဆိုပြီး စာဝင်လာတဲ့အခါမှာ ဖွင့်ဖတ်လိုက်ရတဲ့ ဖီလင်လေးကို ဒီနေ့ထက်တိုင်မလဲနိုင်ပါဘူး။

ယနေ့ခေတ်မှာတော့ အားသာချက်တွေအများအပြားရှိနေတဲ့ ဓာတ်ချောစာကို လူတိုင်းသုံးနေကြပါပြီ။ ဒါပေမယ့် ကိုယ်စာတစ်စောင် ပို့လိုက်တဲ့အချိန်မှာ လူတွေအများကြီးကလည်း သူ့ရဲ့ ဝင်စာနေရာကို စာတွေအလွယ်တကူပို့နေကြတယ်ဆိုတာကို သတိထားမိဖို့လိုပါတယ်။ အဲဒါကြောင့်လည်း ဒီစာလေးကို ရေးဖြစ်သွားတာပါ။

ဓာတ်ချောစာမှာလိုရင်းရေးပါ

စာတိုက်ကပို့သလိုပဲ လိုရင်းရေးတာကိုလူတိုင်းဖတ်ချင်ပါတယ်။ လံဘားကျောက်တံတားရေးတဲ့ရေးနည်းမျိုးနဲ့ စာတစ်စောင်ကို ၁၀မိနစ်လောက်ဖတ်နေဖို့ အချိန်မရှိပါဘူး။ ဖဘတို့ တွစ်တာတို့က ပို့နေတယ်လို့မပြောလိုက်ပါနဲ့။ သူတို့ပို့လည်း ကျွန်တော်တို့မဖတ်ပါဘူး။ ကျောင်းတုန်းက သင်သလို နေကောင်းလားဘာညာလည်း မေးမနေပါနဲ့။ လိုရင်းပဲပြောပါ။

ယဥ်ကျေးပါ

ဓာတ်ချောစာမှာ လိုရင်းတိုရှင်းရေးပါဆိုလို ဘုရားတုတ်ကြွ ဆိုတာမျိုးလည်း မရေးစေချင်ပါ။ ကုိယ်ပို့တဲ့စာဟာ ပို့တဲ့သူကိုယ်တိုင်ကိုရော ပို့တဲ့သူရဲ့နောက်မှာရှိတဲ့ လုပ်ငန်းကိုလည်း ကိုယ်စားပြုနေပါတယ်။ စာပို့ချိန်မှာ တစ်ဖက်လူကို အမိန့်ပေးတဲ့ပုံစံမျိုးတွေ မရေးပါနဲ့။ ကျေးဇူးပြု၍၊ ဖြစ်နုိင်မယ်ဆိုရင်၊ Please, if you can ဆိုတာမျိုးကိုလည်း မိခင်ဘာသာအပြင် နိုင်ငံခြားဘာသာစကားနဲ့လည်း အယဥ်ကျေးဆုံးသုံးပါ။ ကိုယ့်စာဟာ အမိန့်သဘောဆန်နေမယ် (ဝါ) ရိုင်းနေမယ်လို့ တစ်ဘက်လူထင်သွားရင် အဲဒီအချိုးနဲ့ပဲပြန်လာပါလိမ့်မယ်။ နောက်တစ်ခုသတိထားရမှာက ကျွန်တော်တို့စာပို့တာဟာ သံတမန်ဆက်ဆံနည်းအတိုင်းသွားနေရပါမယ်။ ဒေါသထွက်ရင်တောင်ယဥ်ကျေးပါ။

ပြန်ဆက်သွယ်မယ်ဆိုတဲ့အကြောင်းလည်းထည့်ပါ

လိုအပ်ရင် အချိန်မရွေးဆက်သွယ်နိုင်တဲ့အကြောင်း၊ လိုအပ်ပါက အချိန်တစ်ခုပေးပြီးတော့ တွေ့ဆုံဆွေးနွေးနိုင်တဲ့အကြောင်းကိုထည့်ရေးပေးလိုက်လို့ ဘာမှမဖြစ်ပါဘူး။ ဒါဟာ ကိုယ်က ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဆိုရင် ဒီစာမျိုးက ထည့်ရေးပေးသင့်ပါတယ်။ ကိုယ်က ပို့တဲ့သူဆိုရင်လည်း ဘယ်အချိန်မှာပြန်ပြီးတော့ ဆုံပါမယ် ပြန်ပြီး တိုးတက်ကြောင်းလုပ်ပါ့မယ်ဆိုတာကို သိဖို့လိုအပ်ပါလိမ့်မယ်။ အဲဒါမှတစ်ဖက်ကလည်းစာပြန်ဖို့အကြောင်းအရာကို လမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားပြီး သင့်ဆီကို တရိုတသေဆက်ဆံပါလိမ့်မယ်။

လိပ်စာအတည်တကျပို့ပါ

အဲဒီလူနဲ့ဆက်သွယ်မယ့်လိပ်စာဟာ က ဆိုပါစို့။ ဖြစ်နိုင်သမျှ က နဲ့ပဲဆက်သွယ်ပါ။ လိပ်စာ ခဏခဏပြောင်းပြီး ခ,ဂ တွေနဲ့ဆက်သွယ်နေမယ်ဆိုရင် လူတိုင်းလိုက်မကြည့်နိုင်တဲ့အတွက် သေချာပေါက်ကျော်သွားလိမ့်မယ်လို့ ကျွန်တော် အာမခံပါတယ်။

စာပြန်ဖို့အချိန်တစ်ခုကိုစောင့်ပါ

လူတိုင်းဟာ ကိုယ့်အလုပ်ကိုယ်ရှိပါတယ်။ အလုပ်ချိန် (ဝါ) ကိုယ့်စာကို ဖတ်ဖို့မအားတဲ့အချိန်မျိုးမှာ စာပြန်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ သို့တည်းမဟုတ် စာဖတ်လိုက်ရရင်တောင် စာပြန်ဖို့အခက်အခဲဖြစ်တတ်ပါတယ်။ အဲဒီအတွက် စာပြန်ချိန်တစ်ခုကိုစောင့်ပြီးမှ လိုအပ်ရင် နောက်စာတစ်စောင်ပို့ပါ။

ပို့မယ့်အချက်အလက်ကို မများအောင်ထိန်းပါ

အခုခေတ်မှာတော့လိုင်းတွေကောင်းနေပြီဆိုပေမယ့် မြန်မာပြည် တနံတလျားမှာ အင်တာနက်မကောင်းတဲ့နေရာတွေအများကြီးပါ။ အဲဒီအတွက်ကြောင့် အင်တာနက်မှာ စာအုပ်တွေ၊ စာတမ်းရှည်ကြီးတွေနဲ့ ဓာတ်ပုံအကောင်းစားကြီးတွေကို အရမ်းမပို့ပါနဲ့။ ကျွန်တော်တို့ ဝန်ဆောင်မှုက ၁၅၀ မဂ္ဂါဘိုက် အထိပေးပေမယ့် တခြားဝန်ဆောင်မှုတွေက သင့်စာကို သင့်ဆီပြန်ပို့ပါလိမ့်မယ်။ မလိုအပ်တဲ့ဖိုင်တွေ သင်တို့နှစ်ယောက်ကြား ဗျာများနေတာကို သင်လည်း မလိုချင်လောက်ဘူးလို့ထင်ပါတယ်။

အထက်ပါအချက်အလက်တွေကိုကြည့်ပြီးနောက်ပိုင်းမှာတော့ အသုံးတည့်မယ်လို့ထင်ပါတယ်။ တည့်မတည့်တော့ ဝေဖန်အကြံပြုကြပါဦး။

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။